ဒီမိုကရေစီခရီး ဖြောင့်၊ မဖြောင့် သက်သေပြ ရမည် ဟု ဒေါ်အောင်ဆန်း စုကြည် ပြော


2014.03.23
dassk-moe-goke-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိုးကုတ် အနောက်ဖက် ကြပ်ပြင် မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲမှာ မတ်လ ၂၃ ရက်က မိန့်ခွန်း ပြောကြားစဉ်
Photo : RFA/ Kyaw Zaw Win

ဒီမိုကရေစီခရီးကို ဖြောင့်ဖြောင့် မတ်မတ် လျှောက်သလား မလျှောက်ဘူးလား ဆိုတာကို ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်တွေကို ပြင်မလား မပြင်ဘူးလားဆိုတာက သက်သေခံပြသွားမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့မနက်က မိုးကုတ် ကြပ်ပြင် အနောက်ရပ် ဘောလုံးကွင်းမှာ ကျင်းပတဲ့ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တစ်ချို့အချက်တွေကို ပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်း ရှင်းပြရင်း အခုလို ပြောခဲ့ပါတယ်။

" ဒီနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်ကို ရောက်သွားပြီဆိုပြီးတော့ ကမ္ဘာက ချီးမွမ်းတယ်၊ အားပေးတယ်၊ ဒါပေမယ့် ချီးမွမ်းတယ် အားပေးတယ်ဆိုပေမယ့် လေ့လည်းလေ့လာရမယ်၊ တကယ်ပဲ လမ်းဆုံးတိုင်အောင်သွားမှာလား တကယ်ပဲ ဒီမိုကရေစီလမ်းကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်မှာလားဆိုတာရော ကမ္ဘာကနေပြီးတော့ လေ့လာနေပါတယ်၊ ဖြောင့်ဖြောင့်မတ်မတ် လျှောက်သလား မလျှောက်သလားဆိုတာကို ဘာက ပြမလည်းဆိုတော့ ဒီမိုကရေစီနဲ့ အင်မတန်မှဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်အလက်တွေကို ပြင်မလား၊ မပြင်မလားဆိုတာက သက်သေပြသွားမှာ"

ဒါ့အပြင် ဖွဲ့စည်းပုံကို မပြင်လိုသူတွေက လက်ရှိအချိန်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထက် တိုင်းပြည်ဖွံ့ဖြိုးရေး နဲ့ ငြိမ်းချမ်းရေးသာ အရေးကြီးတယ်ဆိုပြီး ပြောဆိုနေကြသူတွေလည်း ရှိကြောင်း၊ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ တိုင်းပြည် ဖွံ့ဖြိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဆက်စပ်နေကြောင်းလည်း ပြောခဲ့ပါတယ်။

အဲ့ဒီ လူထုဟောပြောပွဲကို လူဦးရေ တစ်သောင်းခန့် တက်ရောက်ခဲ့ကြပါတယ်။ မနေ့ညနေပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကုတ်မြို့ အရှေ့ရပ်ဘောလုံးကွင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ လူထုဟောပြောပွဲမှာ အလားတူ စကားပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။