ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံ တက်မည်


2013.04.26
dassk-305.jpg ဧပြီလ ၁၂ ရက်နေ့က နေအိမ်ရှေ့ကို လာရောက်ဖျော်ဖြေခဲ့ တဲ့ ပေးဆပ်သူများ သံချပ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုနေစဉ်
photo: RFA/ Nay Myo Htun

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

မွန်ဂိုလီးယား အစိုးရက “ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံ” ကို ကမကထပြုပြီး လက်ခံကျင်းပမှာသလို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၀ က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီ ဒီမိုကရေစီညီလာခံနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

"အရင်သူလွတ်ခါစကတည်းက ဖိတ်ကြားထားတာရှိတယ်၊ မွန်ဂိုးလီးယားက တစ်ချိန်တုံးက တရုတ်ပြည်နဲ့ နီးစပ်တော့ တရုတ်ပြည်ရဲ့ အရိပ်အောက်မှာ ရှိတဲ့နိုင်ငံတစ်ခုကနေ အခုက ဒီမိုကရေစီထွန်းကားလာတော့ တိုးတက်ကောင်းမွန်လာတော့ အဲ့ဒါတွေနဲ့ ပတ်သက်လို့ အကျိုးရှိတာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက မွန်ဂိုလီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး D. Gankhuyag နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

အခုကျင်းပမယ့် ဒီမိုကရေစီ ညီလာခံကို မြန်မာလွှတ်တော်နဲ့ အစိုးရကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်တယ်လို့ ဒီမိုကရေစီညီလာခံ ဖြစ်မြောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။