သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ် ဆိုတဲ့သတင်း မမှန်ကြောင်း NLD ပြော


2014.09.24
ushweman-media-305.jpg နေပြည်တော် ဇမ္မူသီရိခန်းမဆောင်မှာ သြဂုတ်လ ၁ ရက်နေ့ က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်
Photo: Myo Thant Khaing/RFA

၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ရွေးကောက်ခံခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံသွားမယ် ဆိုတာဟာ သတင်းမှားဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

Reuters သတင်းဌာနက အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်နဲ့ ဦးဉာဏ်ဝင်းတို့ရဲ့ ပြောစကားတွေကို ကိုးကားပြီး ရေး သားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး ဒီနေ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သတင်းထောက်တွေက မေးမြန်းရာမှာ အခုလိုပြော သွားတာပါ။

"သေချာလည်း သတင်းကိုဖတ်ပါဦး၊ ဖတ်ပြီးတော့မှ ကာယကံရှင်ကိုမေးပါ"

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ ကလည်း အခုအချိန်မှာ ကြံ့ခိုင်ရေးပါတီမှာလည်း သမ္မတလောင်း ရွေးချယ်ထားတာ မရှိကြောင်း ပြောပါတယ်။

"လာမယ့်ရွေးကောက်ပွဲဆိုတာက တစ်နှစ်ကျော်ကျော်လောက် လိုပါသေးတယ်၊ ကျနော့်တို့ပါတီမှာ ဘယ်သူ သမ္မတ လုပ်သင့်တယ်၊ ဘယ်သူသမ္မတ မလုပ်သင့်ဘူး ဆိုတာတွေကလည်း ဘယ်သူ့ကိုရွေးမယ်ဆိုတာလည်း ဒီနေ့အချိန်အထိ စဉ်းစားထားချက် မရှိသေးဘူး၊ တရားဝင်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ပါတီညီလာခံတစ်ခု ကျင်းပရမယ်၊ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီညီလာခံကျင်းပပြီး ပါတီညီလာခံမှာ ဒီကိစ္စတွေဟာ စဉ်းစားရမယ့် ကိစ္စတွေဖြစ်တယ်"

ဒါ့အပြင် လတ်တလောထွက်ပေါ်နေတဲ့ သတင်းဟာ အန်အယ်လ်ဒီပါတီက တရားဝင်ထုတ်ပြန်ထားတယ်လို့ မထင်ကြောင်း ဦးဇော်မြင့်ဖေက ဆိုပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်မှာ  ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ အန်အယ်လ်ဒီပါတီအနေနဲ့ ထောက်ပံ့ပေးဖို့ အသင့်တော်ဆုံး သမ္မတလောင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောတယ်လို့ ဖော်ပြထားတာပါ။

ဒီအတောအတွင်း၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သမ္မတဖြစ်ခွင့်မရရင် သူရဦးရွှေမန်း သမ္မတဖြစ်ရေးကို ထောက်ခံပေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တချို့ကပြောတယ်ဆိုပြီး ရိုက်တာသတင်းတစ်ပုဒ်က ဖေါ်ပြလိုက်တာကို ဖြေရှင်းချက်ပေးဖို့ NLD ပါတီက ရိုက်တာသတင်းဌာနကို စာရေးသားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက မြန်မာပြည်သူတွေရော သူတို့ပါတီအနေနဲ့ပါ စစ်တပ်ကအသွင်ပြောင်းအုပ်ချုပ်တဲ့စနစ်ကို မကြိုက်သလို၊ စစ်အုပ်ချုပ်ရေးကနေ အဲဒီလိုတစ်ပိုင်းတစအုပ်ချုပ်ရေးကို သူတို့ပါတီအနေနဲ့ထောက်ခံမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"ဘယ်လိုဖြစ်လဲတော့ ကျနော်မသိဘူး၊ ကျနော်သိတဲ့အပိုင်းပဲ ကျနော်ပြောမယ်၊ ကျနော်နဲ့ အဲဒီ့သတင်းထောက် နဲ့တွေ့တယ်၊ ကျနော့်ကို အဲဒီ့လိုသဘောမျိုး သူကပြောတော့ ကျနော်က မဖြစ်နိုင်ဘူးလို့ပြောတယ်၊ ကျနော်က ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ အုပ်ချုပ်တဲ့လူတွေက ယူနီဖောင်းချွတ်ပြီးတော့ ပုဆိုးနဲ့တိုက်ပုံနဲ့ ဖြစ်နေ တာကို ပြည်သူလူထုက လုံးဝသဘောမကျဘူး၊ ကျနော်တို့ ပါတီကလည်း သဘောမကျဘူးလေ၊ အဲ့ဒါကြောင့် မဖြစ်နိုင်ဘူးလို့ အဲ့လိုပြောခဲ့တယ်၊ ဒီဥစ္စာကို သူကဘယ်လိုတခါ ရေးပြန်သလဲဆိုတော့ ကျနော်ကထောက်ခံတယ် လို့၊  ေထာက်ခံတယ်လို့ဆိုတဲ့ဟာကိုလည်း ဦးဟံသာမြင့်နဲ့ ကျနော်နဲ့ အတူတူတွေ့တာလည်း မဟုတ်ဘူး၊ ဒီကိစ္စတွေကိုလည်း တခါမှမပြောဖြစ်ဘူး၊ သူ့ဘာသာသူ လွန်ခဲ့တဲ့တစ်လကတွေ့တာ၊ ကျနော်ကတော့ ရက်ပိုင်းအတွင်းတွေ့တာ အဲ့ဒါပဲ၊ တကယ်တန်းကျတော့ NLD ပါတီဝင်တစ်ယောက်အနေနဲ့ တခြားလူ တစ်ယောက်ကို ဘယ်လိုလုပ်ထောက်ခံဖို့ကို မျှော်လင့်မလဲ"

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုမပြင်ဘဲ ရွေးကောက်ပွဲကျင်းပလို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရရင်လည်း၊ သူတို့ပါတီထဲက သင့်တော်တဲ့သူ တစ်ယောက်ယောက်ကို တင်မြှောက်နိုင်မယ့် စဉ်းစားချက်တွေရှိထားတယ်လို့ဦးဉာဏ်ဝင်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။