မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကိုယ်စားလှယ်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာချမ်းငြိမ်းနဲ့အခြားတာဝန်ရှိသူတွေကို မနေ့နေ့လည် ၂ နာရီကနေ ၄ နာရီထိ နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က၊ လက်ရှိရေးဆွဲနေတဲ့ ပညာရေးမူဝါသစ်မှာ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ဆီလျော်တဲ့ မူဝါဒတွေ ပါဝင်အောင် ဆောင်ရွက်နေတယ်လို့ပြောဆိုကြောင်း သိရပါတယ်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက သူတို့ရေးဆွဲနေတဲ့ မူဝါဒတွေထဲမှာ NNER ပညာရေးကွန်ရက်က ရေးဆွဲထားတဲ့မူဝါဒတွေကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း ပြောဆိုတယ် လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဗသက်အောင်က RFA ကိုပြောပါတယ်။
"ပညာရေးမြှင့်တင်မှု ကော်မတီကနေပြီးတော့ အခုလို NNER ပြုလုပ်နေတဲ့ဟာတွေကိုလည်း သူတို့ အသိအမှတ်ပြုတယ်ပေါ့ဗျာ၊ နောင်ကိုလည်း အဲလိုမျိုးဝိုင်းဝန်းပြီး ပူးပေါင်းပြီးတော့လုပ်ဆောင်ဖို့ အကြံဉာဏ်ပေးတာမျိုးတွေပါ ကျနော်တို့ကို လွတ်လွတ်လပ်လပ် ပေးခွင့်ရှိပါတယ် ဆိုတဲ့အကြောင်းပြောတယ်၊ သူတို့လည်း ပညာရေးမူဝါဒတွေကို လက်ရှိ ဗဟိုချုပ်ကိုင်မှုတွေကို တတ်နိုင်သမျှလျော့ချပြီး ရေးဆွဲထားတယ်ဆိုတာကိုလည်း ပြောတယ်၊ နောက်ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွေပါ လုပ်လို့ရှိရင်လည်း သူတို့ကိုယ်တိုင်ပူးပေါင်းပြီး ဆောင်ရွက်ပေးမယ်လို့ပြောတယ်"
ဒါ့အပြင် NNER က ကြီးမှူးကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကလည်း ပူးပေါင်းပါဝင်မယ့်အကြောင်း ပြောဆိုတယ်လို့သိရပါတယ်။
ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အခြားကျောင်းသားသမဂ္ဂတွေက ပါဝင်ဖွဲ့စည်းထားတဲ့ NNER ကိုယ်စားလှယ် စုစုပေါင်း ၁၆ ယောက် တက်ရောက်တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကိုယ်စားလှယ်တွေ နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့အကြောင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဗသက်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။