ဒေါ်အောင်ဆန်းစုကြည် တောင်သူ လယ်သမားများနဲ့ ဆွေးနွေး

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ပြဌာန်းတော့မယ့် တောင်သူလယ်သမား အရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး တောင်သူ လယ်သမား ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒီနေ့ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တောင်သူ လယ်သမားအသင်း အတွင်းရေးမှူး တောင်သူ ဦးစိုးခိုင်က အခုလို ပြောပါတယ်။

“မကြာမီမှာ ရေးဆွဲပြုလုပ်မယ့် တောင်သူလယ်သမားအကျိုး ကာကွယ်ရေးဥပဒေစိုးမိုးဖို့ ရေးဆွဲတဲ့ ဥပဒေထဲမှာလည်း တောင်သူတွေ အကျိုးခံစားခွင့်တွေ တကယ်ရရှိလာနိုင်ဖို့ ခေတ်အဆက်ဆက် ညှိုးမှိန်ခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်ဖို့ ဒီအချက်အလက်တွေ ပြည့်စုံစွာပါဖို့ လိုအပ်သလို ဒီဥပဒေဟာလည်း တကယ်စိုးမိုးဖို့ လိုအပ်တယ်ဆိုတာ တင်ပြခဲ့တဲ့အတွက် ဒီဥပဒေသာ တကယ်ပေါ်ပေါက်ခဲ့မယ်ဆိုရင် တောင်သူတွေအားရမှာပါ၊ လက်ရှိနိုင်ငံအတွင်းမှာ လယ်ယာမြေမှတ်ပုံတင်တာနဲ့ ပတ်သက်လို့ ပြီးစီးတဲ့မြို့နယ် မရှိသေးပါဘူး၊ လယ်ယာမြေ မှတ်ပုံတင်ရေးကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်”

ဒီနေ့ဆွေးနွေးပွဲဟာ တောင်သူလယ်သမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝတဲ့ လယ်ယာစက်ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ဝယ်ယူရရှိနိုင်အောင်စီစဉ်ပေးဖို့၊ လယ်ယာစိုက်ပျိုးမြေတွေနဲ့ ဆက်စပ်နေတဲ့ တာတမံတွေပြုပြင်ပေးဖို့နဲ့ ရာသီအလိုက် စိုက်ပျိူးနေတဲ့ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးသမားတွေကို စိုက်ပျိုးရေးစရိတ်တွေ ကူညီထောက်ပံပေးဖို့ စတဲ့အချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ တောင်သူ ဦးစိုးခိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။