ရေဘေးဒုက္ခသည်တွေ အတွက် ဒေါ်အောင်ဆန်း စုကြည် ငွေကျပ် ၇၅ သိန်းလှူဒါန်း

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေအတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ ၇၅ သိန်း ဒီကနေ့ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွက် ငွေလက်ခံရယူခဲ့တဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုကော်မတီဝင် ဦးစောတင်ဝင်း က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့လက်ခံရရှိတယ်ခင်ဗျ၊ မွန်ပြည်နယ်ကို ၂၅ သိန်း၊ ကရင်ပြည်နယ်ကို သိန်း ၅ဝ ချပေးပါတယ်ခင်ဗျာ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ရေဘေးဒုက္ခသည်တွေ အတွက် ခွဲပြီးချပေးလိုက်တာပါ၊ ကျနော်တို့ပြည်နယ်တွေမှာ ဒုက္ခရောက်နေတယ်၊ အဲဒါကြောင့် အဖွဲ့ချုပ်အနေနဲ့ အကူအညီလေးပေးပါ ဆိုပြီး ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ တောင်းလိုက်တာပေါ့၊ အဲဒါကို ဗဟိုဥက္ကဌအနေနဲ့ ချပေးလိုက်တာဖြစ်ပါတယ်”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်ပြီး ရေလွမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကရင်ပြည်နယ်အတွင်းမှာ လူသုံးသောင်းကျော်နဲ့ မွန်ပြည်နယ်အတွင်းမှာ လူလေးထောင့်ငါးရာကျော် ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။

လောလောဆယ် ကရင်ပြည်နယ်အတွင်းမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းစတဲ့မြို့နယ်တွေက ရေဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေသေးတာကြောင့် ဒီကနေ့ရလာတဲ့ အလှူငွေတွေကို အဲ့ဒီနေရာတွေမှာ အဓိကထား ကူညီသွားမှာဖြစ်တယ်လို့လည်း ဦးစောတင်ဝင်းက ပြောပါတယ်။

ကရင်ပြည်နယ်က ရေလွမ်းမိုးခံခဲ့ရတဲ့ ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေကို အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့အဖွဲ့ သွားရောက်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါသေးတယ်။