နေပြည်တော်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

နေပြည်တော်ကို စည်းရုံးရေးခရီးစဉ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က တိုင်းရင်းသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တိုင်းရင်းသားအရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ အတွေ့အကြုံဖလှယ်ခဲ့သလို တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

2012.03.06
dassk-ethnic-b305 ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်က နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်အမတ်များ တွေ့ဆုံနှုတ်ဆက်နေစဉ်
AFP

“အခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အင်မတန် အရေးကြီးတဲ့အကြောင်း၊ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ကြတာကိုး။ အဲဒီတော့ အခု ဧပြီလတစ်ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲဟာ အင်မတန် တိုတောင်းတယ်၊ မဲဆွယ်စည်းရုံးချိန် ကာလလည်း မလုံလောက်တဲ့ကြားထဲက ကြိုးစားပမ်းစား လုပ်နေကြတယ်၊ ဒီ လာမယ့်ရွေးကောက်ပွဲကို ကမ္ဘာကလည်း စောင့်ကြည့်နေကြတယ်၊ အဲဒါကြောင့် တရားသဖြင့် ဖြစ်အောင်၊ သမာသမတ်ကျအောင် ပြည်သူတွေကလည်း အလေးအနက်ထားပြီး ကာကွယ်ရမှာဖြစ်သလို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်ကလည်း အလေးအနက်ထားပြီး သမာသမတ်ကျအောင် လုပ်ပေးမယ်လို့ သူမျှော်လင့်တယ် ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေထဲမှာ ရှမ်း၊ ရခိုင်၊ ပလောင်၊ ပအို့ဝ်၊ ချင်း၊ ဝ၊ ဖလုံစဝေါ် ပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရာသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဟောပြောပွဲတွေမှာ မဲဆွယ် စည်းရုံးရေးတွေမှာ မလျော်သြဇာသုံးပြီး စည်းရုံးမဲဆွယ်တာတွေကို အကြောက်တရားကင်းကင်း ရင်ဆိုင်ကြဖို့၊ ပြည်သူတွေရဲ့ ချစ်ခင်မှုကို ပြန်လည်ရရှိအောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တပ်မတော်သားများ မဲထည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားကြောင်း ပုဗ္ဗသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောပါတယ်။ ဒါ့ပြင် ပညာရေးစနစ်ကိုလည်း အဓိကထားပြီး ပြောဆိုသွားကြောင်း သိရပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်း တောင်ငူမြို့ကို သွားရောက်ပြီး အလုပ်လက်မဲ့ ဘွဲ့ရလူငယ်တွေရဲ့ အရေးကိစ္စနဲ့ ပညာရေးကိစ္စတွေကို ပြောကြားခဲ့ပါတယ်။ အလုပ်လက်မဲ့ ဆိုတာဟာ အလုပ်မရှိတာ တစ်ခုတည်းကို ပြောတာမဟုတ်ဘဲ ရှိတဲ့အလုပ်နဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းဖို့ မလုံလောက်တာဟာလည်း အလုပ်လက်မဲ့ ပြဿနာနဲ့ အတူတူပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။