ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၉ ရက်နေ့ ဥရောပခရီး စတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၉ ရက်နေ့က စပြီး ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက် မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီခရီးစဉ်ဟာ ဧပြီလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အ ထိ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။

"ခရီးစဉ်မှာ ဒေါက်တာတင်မောင်ပါမယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်ပါမယ်၊ အမျိုးလွှတ်တော်ကိုယ်စားလှယ် ကိုမင်းဦးပါမယ်၊ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ၉ ရက်နေ့စထွက်မယ် နာက်တစ်ခါ ၁၄ ရက်နေ့ကျတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ကိုဆက်ထွက်မယ်၊ နောက် ၁၇ ရက်နေ့ပြန်ရောက်မယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမဏီနိုင်ငံ သမ္မတ H.E Mr.Joachim Gauck, ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးရာ ဝန်ကြီးတွေ နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ဝီလီဘရန့်ဆု ကို လက်ခံမှာဖြစ်ပါတယ်။

ဒါ့အပြင် ဂျာမနီ နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ဧပြီလ ၁၄ရက်နေ့မှာ ပြင်သစ်ကို ဆက်လက်ထွက်ခွာ ကာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သမ္မတ H.E Mr.Frncois Hollande ၊ နိုင်ငံခြားရေးရာဝန်ကြီးတွေ နဲ့လည်း တွေဆုံသွားမယ် လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခရီးစဉ်အတွင်း ဂျာမနီ ၊ ပြင်သစ်နိုင်ငံတွေက လွှတ်တော်တွေကို သွားရောက်လေ့လာပြီး လွှတ်တော် ဥက္ကဌတွေ နဲ့ပါ တွေ့ဆုံသွားမှာဖြစ်သလို ပြင်သစ်စစ်တက္ကသိုလ် Ecole Militaire ကိုလည်း သွားရောက် လေ့လာမယ်လို့ ပါရှိပါတယ်။