မြန်မာနိုင်ငံ ဒီမိုကရေစီ မရသေးဘူးလို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

0:00 / 0:00

ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆို ကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေး လိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ Willy Brandt လူ့အခွင့်အရေးဆု လက်ခံတဲ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြား လိုက်တာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းလမ်း ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အရင်ကစစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပုံသေအတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်နေ တုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကျွန်မတို့ အစိုးရအဖွဲ့ဝင်အတော်များများဟာ အရင်အစိုးရလက်ထက်က အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ အဝတ်လေးလဲရုံနဲ့၊ ဆိုလိုတာက စစ်ဝတ်စုံကို အရပ်အဝတ်အစားပြောင်းပြီး လဲဝတ်လိုက်တဲ့အတွက် အသားကျနေတဲ့ အတွေးအခေါ် အလိုအလျောက်ပြောင်းလဲသွားတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး လို့ ပြောသွားတာပါ။ မြန်မာအစိုးရကို ကမ္ဘာက စောင့်ကြည့်ပြီး မေးခွန်းထုတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပြည်ထောင်စုကို ရှေးရှုသွားချင်တာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အယောင်ဆောင်ပြီး အာဏာရှင်နိုင်ငံတစ်နိုင်ငံကို သွားချင်သလားလို့ မေးခွန်းထုတ်ဖို့ တိုက်တွန်းတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးအခွင့်အရေးပေးထားပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကွယ်လွန်သူ အနောက်ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြုတဲ့ Willy Brandt လူ့အခွင့်အရေးဆုချီးမြှင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။