အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် အောက်တိုဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
သီတင်းနှစ်ပတ်ကြာမြင့်မယ့် အဲဒီခရီးစဉ်မှာ ဘယ်လဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီ စတဲ့နိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ EU ဥရောပသမဂ္ဂအဖွဲ့ကချီးမြှင့်တဲ့ အဆင့်မြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Sakharov ဆုကို ကိုယ်တိုင်လက်ခံရယူမှာဖြစ်ပြီး၊ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်မှာ စကားပြောကြားဖို့ရှိပါတယ်။ ဒါ့အပြင် မြောက်အိုင်ယာလန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဥရောပပါလီမန်ကိုပါ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ကြိမ်မြောက် ဥရောပနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။