လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ရှင်းလင်းပြောဆိုဖို့ သွားရောက်ခဲ့တဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကမုံရွာမြို့က ပြန်လည်မထွက်ခွာခင်မှာ သတင်းထောက်တွေရဲ့မေးခွန်းတွေ ကို ဖြေကြားခဲ့ပါတယ်။
ဒေသခံရွာတွေမှာ ရှင်းလင်းပြောကြားခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး
“အမေတို့သွားတဲ့ ရွာတွေမှာဆိုရင် အများစုက နားလည်ပါတယ်၊ သူတို့ပြဿနာတွေ ဘာရှိလဲဆိုတာ သူတို့သိတယ်၊ အမေက ရှင်းပြတယ်၊ တချို့ရွာတွေက ရှင်းပြတာလည်း နားမထောင်ဘူး၊ ဖတ်လည်း မဖတ်ရဘူးပေါ့၊ ဒါလဲသူတို့မှာ ခဏခဏ ပဋိပက္ခတွေ ဖြစ်ခဲ့ရတော့လည်း ဒီလိုပြေပြေလည်လည်လုပ်တဲ့ အလေ့အကျင့်ကလည်း မလုပ်နိုင်ဘူးပေါ့၊ ဒါကိုအမေဘာမှ အပြစ်မတင်ပါဘူး”
ကြေးနီစီမံကိန်း ပြဿနာနဲ့ ပတ်သက်ပြီး အကောင်းဆုံးနည်းလမ်းလို့ ယူဆတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူဟာ မိမိသာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
“ကော်မရှင်ရဲ့ အစီရင်ခံချက်ဟာ အမေအကောင်းဆုံးထင်လို့ အမေမှန်ကန်တယ်ထင်လို့ ချတဲ့စီရင်ချက်ပေါ့၊ အဲ့ဒီဟာကို အမေတာဝန်ယူတယ်၊ ခေါင်းခံတယ်၊ ဒီကိစ္စကို သဘောမတူဘူးဆိုရင်လည်း သဘောမတူပိုင်ခွင့်ရှိတယ်၊ အတင်းအကျပ် သဘောတူရမယ်လို့ ဘယ်သူကိုမှမပြောဘူး ”
အခုကြေးနီစီမံကိန်း ပြဿနာဟာ အရင်အစိုးရတွေထားခဲ့တဲ့ ပြဿနာဖြစ်တာကြောင့် အခုလိုဒေါ်အောင်ဆန်းစုကြည်က တစ်ဦးတည်း တာဝန်ခံမယ်ဆိုတာဟာ ဓားခုတ်ရာလက်ဝင်လျှိုရာ၊ ကြားထဲက ဝင်အမုန်းခံရာ မရောက်ဘူးလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
“ဒါမူအရလုပ်တာ၊ ဒါကိုမကျေနပ်လို့ ရှုတ်ချမယ်ဆိုရင်လည်း ရှုတ်ချပါ၊ နိုင်ငံရေးအရ ဒီလိုခံရမှာပဲ၊ နိုင်ငံရေးလုပ်တဲ့လူဆိုတာ အမုန်းခံရဲရမယ်၊ လူချစ်ချင်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာ မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘူး”
ဒေသခံတွေအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။