ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံက Forum 2000 ညီလာခံကို တက်ရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံကို ရှေ့လအတွင်း ပထမဆုံးအကြိမ် သွားရောက်မယ်လို့သိရပါတယ်။

ချက်နိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိကျင်းပမယ့် Forum 2000 ညီလာခံကို တက်ရောက်ဖို့အတွက် သွားရောက်မှာဖြစ်ပါတယ်။

Forum 2000 ဖောင်ဒေးရှင်း ကို ကွယ်လွန်သူ ချက်နိုင်ငံသမ္မတ Vaclav Havel က ကမကထပြုပြီး ဂျပန်နိုင်ငံသားအလှူရှင် Yohei Sasakawa ၊ အမေရိကန်နိုင်ငံသား ငြိမ်းချမ်းရေးနိုဘဲဆုရှင် ပါမောက္ခ Elie Wiesel တို့နဲ့အတူ ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဖောင်ဒေးရှင်းက နှစ်ပတ်လည်ညီလာခံတွေ ကျင်းပပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေကို အားပေးထောက်ပံ့ရေး၊ ပဋိပက္ခတွေ လျော့ပါးရေးတွေအတွက် ရည်ရွယ်ပြီး ဆွေးနွေးကြတဲ့ညီလာခံတွေ ဖြစ်ပါတယ်။

ဒီညီလာခံကို တက်ရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုရာမှာ ထားရှိတဲ့ တန်ဖိုးချင်း တူညီပြီး၊ အဲဒီတန်ဖိုးတွေကို ဝေမျှခံစားနိုင်တဲ့သူတွေထက် ပိုကောင်းတဲ့ မိတ်ဆွေဆိုတာမရှိပါဘူး၊ ကွယ်လွန်သူ ချက်သမ္မတ Vaclav Havel နဲ့ မြန်မာနိုင်ငံက ကျမတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအပေါ် တောင့်တမွတ်သိပ်ပုံချင်း တူညီခဲ့ကြပါတယ်၊ ဒါကြောင့်လည်း ရေမြေတွေခြားနေပေမယ့် ကျမတို့မိတ်ဆွေတွေ ဖြစ်လာခဲ့ကြတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Forum 2000 ညီလာခံကို တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား၊ အမေရိကန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တေးသံရှင် Joan Baez ၊ တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Frederik Willem de Klerk တို့လည်းတက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။