နိုဝင်ဘာ ၁၂ရက်နေ့ကနေ ၁၇ရက်နေ့အထိ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာတင့်ဆွေက နိုဝင်ဘာလ ၁၆ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံ စုစုပေါင်း ၁၀၀၀ ကျော်လောက်ကို မိန့်ခွန်းပြောကြားမယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၇ရက်နေ့ မှာ ဘန်ဂါလူလူမြို့ကို သွားရောက်ပြီး Rural Development Project ကို လေ့လာပြီးနောက် Indian Institute of Science က ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာ အိန္ဒိယနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ လုံခြုံရေးလူငယ် ကိုဇော်မင်းဦးတို့ လိုက်ပါသွားမယ်လု့ိ သိရပါတယ်။
