ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန် လိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုစာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့တာနဲ့ ပတ်သက်လို့တော့ လွှွတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"တခါမှ သမ္မတကြီးကတော့ ဒီလိုဥပဒေတွေ ပြဌာန်းပါလို့ မပြောဖူးပါဘူး၊ တကယ်တော့ အစိုးရဌာနတွေက သူပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းပြီးတော့ မူကြမ်းအနေနဲ့ တင်တာပဲ၊ အဲတော့ ဒါလုပ်ထုံးလုပ်နည်းအရ နာယကကြီးက လုပ်တယ်လို့ပဲ ဒီလိုပဲ ကျမကမြင်ပါတယ်"

ဒါ့အပြင် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာသားတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရတာနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

"တကယ်ဆိုလို့ရှိရင်တော့ နေဖို့ထိုင်ဖို့မဲ့နေတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်းလုပ်ပေးဖို့ကတော့ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်၊ တခြားနိုင်ငံတွေမှာလည်း ဒီလို မြေမဲ့အိမ်မဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီမံကိန်းတွေလုပ်ပြီးတော့ နေရာချပေးတာတွေရှိတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေးကို တခြားကိစ္စတွေနဲ့ အာရုံလွှဲဖို့ လုပ်ဆောင်နေမှုတွေ ရှိနိုင်ပါသလားလို့ မေးမြန်းရာမှာ အရေးကြီးတဲ့ပြသနာတစ်ခုကို အဲဒီလိုရှောင်လွှဲဖို့ ရေရှည်မှာမဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။