မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံက အထောက်အပံ့တွေ ပိုမိုရရှိစေဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၃ရက်နေ့(သြင်္ကန် အကြိုနေ့)ကစပြီး ဂျပန်နိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အခုလို ပြောပါတယ်။
"သူက ဂျပန်ကို နဂိုမူလကတည်းက သီးခြားသတ်သတ် သွားမယ်ဆိုတဲ့ဟာနဲ့ သွားတာ၊ ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတော့ကာ နိုင်ငံအတွက် လက်ရှိရှိနေတဲ့ စီးပွားရေးကိစ္စတို့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ တိုးတက်ရာတိုးတက်ကြောင်း အခြေအနေအကြောင်းတွေ ဂျပန်ဘက်က အထောက်အပံ့ပေးတာပြုတာတွေနဲ့ ပတ်သက်လို့လည်း ကျေးဇူးတင်စရာရှိတာတင်ဖို့နဲ့ နောက်ဆက်လက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပိုပြီးတော့ဆက်သွယ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်မယ့်ကိစ္စတွေ ပြောကြဆိုကြမှာ "
ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံကို သွားရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး သူဟာပြီးခဲ့တဲ့ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ သုတေသီလုပ်ခဲ့ဖူးတာကြောင့် အဲဒီတက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။
အခုခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနိုင်ငံရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီခရီးစဉ်ဟာ ၁ ပတ်ကြာ ခရီးစဉ်ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။