NLD အပြတ်အသတ်မနိုင်အောင် PR စနစ်ကြိုးပမ်းတာ လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

0:00 / 0:00

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းနေ တာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင် မရအောင် လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာ တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

"ဒီ PR စနစ်ကို လက်ခံလိုက်ခြင်းအားဖြင့် ပြည်သူတွေ ရဲ့ဆန္ဒမဲတွေ ပြန့်သွားပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲတွေ အပြတ်အသတ်မနိုင်အောင်လို့ လုပ်နေ သလားလို့ ကျမတို့က စဉ်းစား စရာတွေ ဖြစ်လာတယ်"

လက်ရှိအခြေအနေအရ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ပြောနေတာမဟုတ်ပဲ ဖက်ဒရယ်လို့ ပြောရင် ဖမ်းဆီးနေတဲ့ စစ်အစိုးရလက်ထက်အချိန်ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား တစ်သောင်းနီးပါးလောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ချို့ကို RFA သတင်းထောက် မခင်ပြည့်စုံ ကောက်နှုတ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။