အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူ တို့ကို ပြည်ထောင်စုလွှတ်တော် မှာ မဲပေးထောက်ခံခဲ့ကြတဲ့ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေကို အထူးကျေးဇူးတင်ကြောင်း နဲ့ ပြည်သူတွေနဲ့အတူ ရှေ့ဆက်ရ မယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ညီညီညွတ်ညွတ်နဲ့ စည်းကမ်းစနစ်ကျစွာနဲ့ မဲပေးခဲ့တဲ့ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေအတွက်လည်း ဂုဏ်ယူမိကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ဝန်းထဲက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ရေးရာဌာန ကိုယ်စားလှယ်အဖွဲ့က ဒီနေ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ပါတယ်။
