ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ အပစ်ရပ် ၈ ဖွဲ့ ဆုံးဖြတ်


2015.11.17
pado-kawhtoowin-620.jpg ပဒိုစောကွယ်ထူးဝင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေတွေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး လက်တွေ့ အကောင်အထည်ဖော်ရေး အစည်းအဝေးတွေအပြီးမှာ ပဒိုစောကွယ်ထူးဝင်းက ပြောတာဖြစ်ပါတယ်။

"တွေ့တော့တွေ့သင့်တယ်လို့ ကျနော်တို့ဆုံးဖြတ်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် လက်ရှိနိုင်ငံတော်အစိုးရနဲ့ ပူးပေါင်း ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်သလို တက်လာမယ့်အစိုးရသစ်အတွက် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လက်မှတ်ရေးထိုးတဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ သဘောတူစာချုပ်တိုင်း ကျနော်တို့အကောင်အထည်ဖော်သွား မှာဖြစ်တယ်၊ နိုင်ငံရေးပါတီအစုအဖွဲ့ကလည်း သူတို့ပါဝင်ရမယ့် အစုအဖွဲ့မှာပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နောက် တစ်ခုက NLD ကကျနော်တို့လေ့လာရသလောက် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ရှေ့လုပ်ငန်းစဉ်မှာ ချမှတ်တဲ့အပိုင်းလဲပါဝင်တဲ့ အတွက်ကြောင့် ဒီကိစ္စကို သူတို့လည်းဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်"

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ အစိုးရတို့ အားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပသွားမယ့် ပူးတွဲကော်မတီ အစည်းအဝေးကို လာမယ့်နိုဝင်ဘာလ ၂၄ရက်နေ့မှာ ကျင်းပဖို့ လျာထားတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

"ဒီကျနော်တို့ ကော်မတီအစည်းအဝေးက ဘာဆုံးဖြတ်လိုက်လဲဆိုရင် နိုင်ငံရေးပါတီ ၉၁ ပါတီကို ၂၁ ရက်နေ့မှာ ကျနော်တို့ဖိတ်ကြားပြီးတော့ သူတို့ရဲ့ ၁၆ ဦးရွေးဖို့ ကို ကျနော်တို့က တိုက်တွန်းမယ်၊ ၂၁ ရက်နေ့မှာ ၁၆ ယောက်ရပြီဆိုရင်တော့ အစိုးရ တပ်မတော် လွှတ်တော် ၁၆ ယောက်၊ EAO ၁၆ ယောက်နဲ့ နိုင်ငံရေးပါတီ ၁၆ ယောက်၊ ၄၈ ဦးဆွေးနွေးပွဲကိုတော့ ၂၄ ရက်မှာလုပ်ဖို့ ကျနော်တို့လျာထားပါတယ်၊ အဲ့ဒါပြီးရင် Drafting Committee ရေးဆွဲဖို့အတွက် ကျနော်တို့ ကော်မတီတွေပြင်ဆင်ပြီး ကျနော် တို့ ဖွဲ့ဖို့လည်းပြင်ဆင်နေတယ်၊ အဲ့ဒါတွေကအလုပ်လုပ်တဲ့ ၈ ရက်၊ ၉ ရက်ပဲကျနော်တို့ရတယ်၊ ပြီးရင်အားလုံးညှိနှိုင်းလို့အဆင်ပြေရင် ဒီဇင်ဘာ ၈၊ ၉၊ ၁ဝ လောက် မှာ နေပြည်တော်မှာပဲ Frame Work Meeting ရေးဆွဲတဲ့အခမ်းအနားကို ဖွင့်ဖို့ ကျနော်တို့ရည်မှန်းထားပါတယ်"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော် Horizon Lake View ဟိုတယ်မှာ ဒီကနေ့ နံနက်ပိုင်းက စတင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွေကို နေ့လည်ပိုင်းမှာ သီးခြားစီ ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။