အမေရိကန် သန်းကြွယ်သူဌေးကြီး ဆိုရော့စ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေက အမေရိကန်ဘီလျံနာသူဌေးကြီး George Soros နဲ့အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်းနဲ့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အဲဒီမတိုင်ခင် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပန်းတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေဟာ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး လေ့လာစစ်ဆေးခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ MEI ရဲ့ တင်ပြချက်တွေကို စည်းဝေးဆွေးနွေးကြကြောင်းလည်းသိရပါတယ်။

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘဝအကျိုးသက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပညာရှင်ပေါင်းစုံပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့က ကနဦးအစီရင်ခံစာကို သီတင်းနှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြဖို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မနေ့က တွေ့ဆုံပြီး လက်ပန်းတောင်းတောင်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။