ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဂျပန်၊ ကနေဒါ၊ နော်ဝေ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ် စတဲ့ သံရုံး တာဝန်ရှိသူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
လွှတ်တော်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးတာ ဖြစ်တယ်လို့ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။
"ကျမတို့အဓိက တာဝန်ကတော့ လွှတ်တော်ပိုင်းဆိုင်ရာကိုပေါ့နော် ကျမတို့ ဖွံ့ဖြိုးတိုးတက်အောင်အတွက် တခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုပေါင်းစပ်ပြီးတော့မှ ညှိနှိုင်းပြီးလုပ်ကိုင် ဆောင်ရွက်မလဲဆိုတာမျိုး ပါရှင့်"
အဲ့ဒီအဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရုံးဝန်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးနဲ့ လွှတ်တော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်လွှတ်တော်တွေအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့စွဲနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ အတွင်းရေးမှူးအဖြစ် ဦးဖြိုးဇေယျာသော်၊ အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုး၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ် ဦးကြည်မင်း၊ ပြည်သူ့လွှတ်တော်ရုံး ခေတ္တ ညွှန်ကြားရေးမှုးချုပ် ဦးတင်ဝင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဒေါ်သန်းငွေ၊ ဦးစိုင်းထွန်းစိန်၊ ဒေါ်ဝင့်ဝါထွန်းတို့ ပါဝင်ပါတယ်။
