ဂျပန်နိုင်ငံကို ၁ ပတ်ကြာ အလည်ပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တိုကျိုမြို့တော်က တိုဂူးနန်းတော်ကို သွားရောက်ခဲ့ပြီး ဂျပန်အိမ်ရှေ့မင်းသား Naruhito နာရူဟီတိုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ အိမ်ရှေ့မင်းနန်းတော်က သတင်းဓာတ်ပုံတွေသာ ထုတ်ပြန်ခဲ့ပြီး သတင်းအသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။ ဂျပန်အိမ်ရှေ့မင်းသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံက Oxford တက္ကသိုလ်မှာ ပညာအတူသင်ယူခဲ့တဲ့ ကျောင်းနေဖက် မိတ်ဆွေတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ခရီးစဉ်အတွင်း ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါကြောင်း၊ တခြားကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အမျိုးသား ဒိုက်ယက်လွှတ်တော်ကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ ဂျပန်အောက်လွှတ်တော်ရဲ့ ရသုံးဘတ်ဂျတ်ဆွေးနွေးပွဲကို တက်ရောက်ကြားနာရာမှာ အစည်းဝေးတက်နေတဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူညီနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီနေ့နေ့လည်ပိုင်းလောက်က ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသူကျောင်းသားတွေအပါအဝင် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ညဖက်မှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kishida ဖိတ်ကြားထားတဲ့ ညစာစားပွဲ တက်ရောက်မယ်လို့ သိရပါတယ်။