မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ကို လေ့လာနေသလိုပဲ တချိန်ထဲမှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေမှုတွေကို နီပေါပြည်သူတွေက တသွေးတသားထဲ အားပေးထောက်ခံပါကြောင်း နီပေါဝန်ကြီးချုပ် Sushil Koirala က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ခတ္တမန္ဒူ မြို့တော်မှာ ဒီနေ့ဖွင့်လှစ်တဲ့ “လူမှုရေးအခြေခံ ဒီမိုကရေစီရေး Relevance of Social Democracy နိုင်ငံတကာညီလာခံ” ဖွင့်ပွဲမှာ နီပေါ ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးဧည့် သည်တော်အဖြစ် တက်ရောက်နေပြီး မိန့်ခွန်းပြောဖို့ လည်း ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Sushil Koirala နဲ့ ဝန်ကြီးချုပ်စံအိမ်မှာ မနေ့က တွေ့ဆုံစဉ် ဒီမိုကရေစီရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေဟာ ဟန်ချက်ညီညီ ပူးတွဲလုပ်ဆောင်သင့်တယ်လို့မြင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရေးနဲ့ပြောမယ်ဆိုရင် နီပေါဟာ မြန်မာနိုင်ငံထက်အများကြီး သာလွန် ကြောင်း၊ မြန်မာ နိုင်ငံဟာ နှစ် ၅၀ ကျော်ကြာ အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး ဒီနေ့ ခတ္တမန္ဒူမြို့ထုတ် The Himalayan Times သတင်းစာကရေးပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီမိုကရေစီအတွက် အစားထိုးပစ္စည်းမဟုတ်ကြောင်း၊ ဒီနှစ်ချက်ဟာ တစ်ခုကိုတစ်ခု အပံ့အပိုးတွေဖြစ်သလို ဆန့်ကျင်ဘက်လည်း မဟုတ်ကြောင်း၊ ဒါ့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီရေးဟာ ဟန်ချက်ညီညီ ပူးတွဲလုပ်ဆောင်သင့်တဲ့ ကိစ္စတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့တယ်လို့လည်း နီပေါဝန်ကြီးချုပ် နိုင်ငံခြားရေးရာ အကြံပေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၄ ရက်ကြာ နီပေါခရီးစဉ်အတွင်း ဒီနေ့မှာ ဗုဒ္ဓဖွားတော်မူရာ လုမ္ဗိနီအင်းကြင်းတောကို သွားရောက်ဖူးမျှော်မယ်လို့ သိရပါတယ်။
