ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝေလမင်းသားကြီး နဲ့ တွေ့ဆုံ

ဥရောပကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဗြိတိန်နိုင်ငံကိုရောက်ရှိပြီး ဗြိတိသျှ ဝေလမင်းသား ချားလ်စ်နဲ့ ဇနီးသည် ကာမီလာတို့ကို လန်ဒန်မြို့တော်က Clarence House အိမ်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နိုင်ငံတွေကို ရောက်ရှိခဲ့ပြီး ဒီနေ့ ဗြိတိန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် မြောက်ပိုင်း အိုင်ယာလန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မနေ့ညနေပိုင်းက ဥရောပပါလီမန်မှာ ဆာခါရော့ ဆုယူအပြီး ပြင်သစ်နိုင်ငံမှာရောက်နေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ နိုင်ငံခြားရေးဝန်ကြီး William Hague တို့နဲ့ တွေ့ဆုံမယ်လို့ လန်ဒန်ထုတ် the Express သတင်းစာက ဒီကနေ့ ရေးပါတယ်။

မင်းသားချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည် Michael Aris နဲ့ မကွယ်လွန်မီ ၁၉၉၈ ခုနှစ်က သိကျွမ်းခင်မင်ခဲ့သလို တိဘက်နဲ့ဟိမဝန္တာလေ့လာရေး မိုက်ကယ်အယ်ရစ် အမှတ်တရ ရန်ပုံငွေအဖွဲ့ရဲ့ နာယကတစ်ဦးလည်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ မင်းသားချားလ်စ်ရဲ့ ဘကြီးတော်စပ်သူ Lord Mountbatten နဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ဒုတိယကမ္ဘာစစ်အတွင်း အတူတကွ အလုပ်လုပ်ခဲ့ ခင်မင်ခဲ့သူတွေဖြစ်တဲ့အတွက် သီးခြားဆက်စပ်မှုလည်းရှိနေတယ်လို့ the Express သတင်းစာကရေးပါတယ်။

ဗြိတိန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဆင်းဟတ် ဗြိတိသျှတော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။