ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ Mr. John Bercow နဲ့ အဖွဲ့ကို ဒီနေ့မနက် လွှတ်တော်အဆောက်အဦး ဝင်းထဲမှာရှိတဲ့ ဇဗ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

လွှတ်တော်အတွေ့ အကြုံနည်းသေးတဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေကို အရည်အသွေးမြှင့် သင်တန်းတွေပေးသွားမယ်လို့ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ ကပြောကြောင်း အဲဒီတွေ့ဆုံပွဲ ကို တက်ရောက်ခဲ့တဲ့ ကွန်ဟိန်းမဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFA ကိုပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်စလုံး က ကိုယ်စားလှယ်တွေကို ချပြသင့်ကြောင်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဌက အကြံပြုဆွေးနွေးသွားတယ် လို့ သိရပါတယ်။