အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း စုကြည်ဟာ KNU ဗဟို ကော်မတီဝင်ကနေ့ညနေပိုင်း ၄ နာရီက နေပြည်တော် ဥတ္တရသီရိနေအိမ်မှာ နှစ်နာရီ ကြာတွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များပါဝင် ကြပြီး KNU ဘက်ကလဲ ဗဟိုကော်မတီဝင်များဖြစ် တဲ့ စောကွယ်ထူးဝင်း၊ ရော်ဂျာခင်၊ ပဒိုရွှေမောင်း၊ စော တာတိုမှုး၊ စောဘစ်တာ၊ စော တာမူလာ၊ စောပေါ့၊ စော နိမရော၊ ဦးဟန်ညောင်ဝေတို့ ပါဝင်တက်ရောက်ခဲ့ ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပဒိုစောကွယ်ထူးဝင်းကို မီဒီယာတွေက ဝိုင်းဝန်းမေးမြန်း ကြရာမှာ ပဒိုစောကွယ်ထူးဝင်းက
''အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမှုမှာတော့ ပိုပြီးနားလည်မှုရှိလာကြတာပေ့ါ့၊ အမြင်ချင်းဖလှယ်တဲ့အနေ အထားပါ၊ ရွေးကောက်ပွဲအတွက် ကျနော်တို့ဒီမိုကရေစီကို ချီတက်နေတဲ့ အချိန်မှာအရေးကြီးတယ် လို့ ဆွေးနွေးဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက်ပေါ့၊ NCA နဲ့ပတ်သက်လို့တော့ ငြိမ်းချမ်းရေးဟာ တကယ်လိုအပ်နေတယ်ဆိုတာကို ဒေါ်စုက ရွေးကောက်ပွဲအတွက် ၃ ချက်ကို ပြောတယ်၊ တစ်အချက်က ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဒုတိယအချက်က ဥပဒေစိုးမိုးရေးနဲ့ သုံးအချက်က ငြိမ်းချမ်းရေးပေါ့၊ ဒါကိုကျနော်တို့ ဆွေးနွေးပါတယ်”
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လဲ သူက
"ရွေးကောက်ပွဲကို ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ဝင်လို့ ဘယ်ရမလဲ၊ လက်ရိှအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒါကလွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲမှာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ရင်းသားတွေ ကြိုးပမ်းနေတဲ့တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေတာရှိသလို ပြင်ဆင်ဖို့လည်း ရှိပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့က ပူးပေါင်းဆောင်ရွက်ရမယ်၊ အခက်အခဲတော့ ရှိပေမယ့် ကျော်လွှားသွား မယ်ပေါ့။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်းရှိရမယ်ပေါ့''
အခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ သီးခြားထုတ်ပြန်သွားမည်မဟုတ်ကြောင်း ပဒိုစောကွယ်ထူးဝင်း က ပြောကြားသွားပါတယ်။
