မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ်နောက် ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည်မထွက်ခွာခင် ခတ္တမန္ဒူမြို့ မှာ သတင်းထောက်တွေ ကို ပြောကြားခဲ့ တာပါ။
၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြားဖို့ ရွေးကောက်ပွဲကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြောသင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်း ပုံပြင် မပြင် ဆိုတာနဲ့ သ့ူကိုသမ္မတအဖြစ် ရွေးလို မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာသာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓမွေးဖွားရာ လုမ္ဗီနီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ဗီနီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံးသိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
