အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr. Sushil Koirala ရဲ့ ဖိတ်ကြားချက်နဲ့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကို လေးရက် ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိသွားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက BIMSTECT ထိပ်သီးညီလာခံ တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်စဉ်မှာ နီပေါဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါသမ္မတ Ram Baran Yadav ကိုယ်တိုင်ချီးမြင့်မယ့် နီပေါနိုင်ငံရဲ့ အမြင့်ဆုံး ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အဲဒီနောက် နီပေါဝန်ကြီးချုပ် Sushil Koirala တို့ နဲ့ တွေ့ဆုံမယ့်အပြင် နီပေါလွှတ်တော်ကို သွားရောက်လေ့လာပြီး နီပေါလွှတ်တော်ဥက္ကဋ္ဌ နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် စနေနေ့မှာ နီပေါလ်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံဝန်ကြီးချုပ် BP Koirala နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲမှာ Relevance of Social Democracy ဆိုတဲ့ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာပဲ ဗုဒ္ဓဖွားတော်မူရာ လုမ္ဗီနီဥယျာဉ်နေရာကို သွားရောက်ဖူးမျှော်မယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်းမှာ နီပေါအစိုးရရဲ့ အထူးဧည့်သည်တော်အဖြစ် ဂုဏ်ပြုုညစာစားပွဲ တက်ရောက်မယ်လို့ သိရပါတယ်။ နီပေါနိုင်ငံမှာ ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
