ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေးပါတီများမှတ်ပုံတင်ရေး ပြင်ဆင်ချက် တရားဝင်ထွက်ပေါ်လာမှ ရွေးကောက်ပွဲဝင်မဝင် NLDပါတီ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ပါတီ မှတ်ပုံပြန်တင်တော့မယ်ဆိုတဲ့ ဆွေးနွေးသံတွေ ကျယ်လောင်နေချိန်မှာပဲ အာအက်ဖ်အေက ပုံမှန်ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ သောတရှင် တစ်ဦးရဲ့အမေးကို အခုလို ဖြေကြားလိုက်တာပါ။ ဒါ့အပြင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာကို ငှက်တစ်ကောင် ခြေထောက်ကြိုးတုပ်ပြီး လွှတ်ပေးထားတဲ့ သဘောပဲလို့ အမြင်ရှိတဲ့ သောတရှင်တစ်ဦးရဲ့မေးခွန်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။ “နိုင်ငံရေး စလုပ်ကတည်းက ကိုယ့်လမ်းကိုယ်ရွေးပြီး လျှောက်လှမ်းခဲ့တဲသူမို့ အကျယ်ချုပ်ခံရတဲ့ဘဝမှာတောင်မှ အချည်အနှောင်ခံနေရတယ်လို့ မခံစားခဲ့ရပါဘူး” အပြည့်အစုံကို မနက်ဖြန်ည ထုတ်လွှင့်မယ့် လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။