မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး နိမ့်ကျခဲ့တာကြောင့် ပညာရဲ့တန်ဖိုးကို သိရှိမှုနည်း ပါးနေကြောင်းနဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ပညာသင်ပေးရာမှာ ကျောင်းစာကို အလွတ်ကျက်ဖို့ သင်ကြားပေးတာထက် နားလည်အောင်သင်ကြားပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြော ကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖ့ွဲချုပ် ပညာရေးကွန်ရက် ၃ နှစ်ပြည့် ရန်ပုံငွေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာ ကွန်ဗင်းရှင်းစင်တာ MCC မှာ ဒီနေ့ ညနေပိုင်းက ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြား ခဲ့တာပါ။
"ကမ္ဘာကြီးကိုကြည့်ပြီးတော့ ဒီကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်မှ ကျမတို့နိုင်ငံဟာ ချမ်းသာမယ်၊ တည်ငြိမ်မယ်၊ ကျမတို့နိုင်ငံ တည်ငြိမ်၊ ချမ်းသာ၊ အေးချမ်းမှ ကျမတို့ပြည်သူလူထုကလည်း ချမ်းသာ၊ အေးချမ်း၊ ပြေလည်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျမတို့ရဲ့ဆရာ၊ ဆရာမများဟာ ကျောင်းသူကျောင်းသားတွေကို သင်ပေးတဲ့အခါမှာ ကျောင်း စာအုပ်တွေထဲမှာရှိတဲ့ အချက်အလက်တွေကို အလွတ်ကျက်ဖို့သာမဟုတ်ဘဲနဲ့ ဒီအချက်အလက်တွေဟာ ဘယ်လိုကျမတို့ဘဝကို ရင်ဆိုင်တဲ့အခါ အသုံးဝင်သလဲဆိုတာကို နားလည်အောင်သင်ပေးဖို့ အများကြီးလိုပါတယ်"
ပညာရေးကွန်ရက် ၃ နှစ်ပြည့် ဂီတပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပညာရေးဟာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားမှာ ပညာရေးကွန်ရက်မှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ ပညာရေးရန်ပုံငွေပွဲအတွက် ဖျော်ဖြေပေးကြတဲ့ အနုပညာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့ပါတယ်။