လာဘ်ပေးမှုမှန်သမျှ ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူ မှုတွေ ကြီးမားနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုနည်း နဲ့ ပေးသည်ဖြစ်စေ အကျင့်ပျက်ခြစားမှုမှန်သမျှ လက်မခံနိုင်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့က ကျင်းပတဲ့အခမ်းအနား တစ်ခုမှာ မြန်မာစီးပွားရေး လုပ်ငန်းရှင် Serge Pun ခေါ် ဦးသိန်းဝေက မြန်မာပြည်မှာ မိမိကိုယ်ကျိုးစီးပွားရရှိဖို့ အတွက် ဝန်ကြီးတွေကို လိုလိုလားလား ငွေကြေး သွားပေးကြတာဖြစ်တယ်။ ကိုယ်ပေးချင်လို့သွားပေးပြီးမှ အပြစ်တင် ပြောဆိုတာမျိုး မဖြစ်သင့်ပါဘူးလို့ လာဘ်ပေး မှုကို ကာကွယ်ပြောကြားခဲ့တာနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

"သုံးသိန်းဖြစ်ဖြစ် သုံးကျပ်ဖြစ်ဖြစ် လာဘ်ထိုးတာက လာဘ်ထိုးတာပဲ၊ အဲဒီဟာကတော့ ဘယ်လိုမှရှောင်လို့ မရဘူး၊ ဒါကလိုလိုချင်ချင်ပေးလို့ လာဘ်ထိုးတာ မဟုတ်ဘူးလို့ ပြောလို့ရပါ့မလား"

တဆက်တည်းမှာပဲ အလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာ ပိုမိုရရှိရေးအတွက် တောင်းဆိုနေကြတာနဲ့ ပတ်သက်ပြီး Serge Pun ခေါ် ဦးသိန်းဝေ က အလုပ်အကိုင်တွေ အမြောက်အများ ပိုမိုပေါ်ထွန်းရေးဟာ လုပ်ခလစာ ပိုမိုရရှိရေးထက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလုပ်သမားတွေ ထိုက်တန်တဲ့အခွင့်အရေးရရှိရေးကိစ္စကို ဘယ်လိုနည်းနဲ့မှ ဥပက္ခာပြုလို့မဖြစ်ဘူးလို့ ပြောပါတယ်။

"အလုပ်အကိုင်ဖန်တီးရေး လိုအပ်တယ်ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့ ဒီခေတ်ဒီအခါမှာ အလုပ်အကိုင်ဖန်တီးရေးကို အကြောင်းပြပြီးတော့ အလုပ်သမားတွေအတွက် မလုံလောက်တဲ့လစာငွေကြေးတွေ၊ မလုံလောက်တဲ့ အခွင့်အရေးတွေ ပေးတယ်ဆိုရင်တော့ လက်ခံနိုင်စရာအကြောင်း ဘာမှမရှိပါဘူး"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြေကြားခဲ့တာပါ။