ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်တွေ များလာဖို့လိုကြောင်းနဲ့ အမြင်မတူတဲ့vသဘောထားတွေကိုလည်း ညှိယူတတ်တဲ့အလေ့အကျင့်တွေ ရှိဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို လေ့လာရေးခရီးရောက်ရှိနေတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့တာပါ။
"ကိုယ်က ဒီမိုကရေစီလိုချင်တယ်ဆိုရင် ပြည်သူတွေရဲ့အင်အားကို တောင့်အောင်လုပ်ရမယ်၊ ကိုယ့်အင်အားကို တောင့်အောင်လုပ်တယ်ဆိုတာ အဓိကကဘာလည်းဆိုတော့ တာဝန်ယူနိုင်တဲ့သတ္တိရှိရမယ်၊ ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုမှ ကိုယ်က အားပြည့်မှာ ပြည်သူတွေက ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်များလာမှ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ ဆောက်တည်နိုင်မှာ ပြည်သူတွေက ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်မရှိရင် အစိုးရတွေကပဲ ဦးဆောင်နေမယ်၊ အစိုးရတွေကပဲ လွှမ်းမိုးနေမယ်၊ အဲ့တော့ ကိုယ့်ကိုယ်ကို အားကိုကြ၊ အားကိုးတာက ဘာအားကိုးရမလဲဆိုတော့ ကိုယ့်ရဲ့ ညီညွတ်မှုအင်အားကို အားကိုးရမယ်၊ ဒီတော့ အချင်းချင်းကြားမှာ ညီညွတ်ဖို့လိုတယ်၊ လူနှစ်ယောက်ဆိုတာ ခေါင်းတစ်ခေါင်းတည်မဟုတ်ဘူး၊ အဲ့တော့ အတွေးအခေါ်က တူမှာမဟုတ်ဘူး၊ မတူတဲ့ အတွေးအခေါ်တွေကို ညှိယူရမယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ အဲ့ဒါပဲ"
ဒါ့အပြင် အောက်ခြေပြည်သူတွေရဲ့ ဘဝတွေပြောင်းရေးအတွက် အတူတူလက်တွဲပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
"အမေတို့ နိုင်ငံက ဆင်းရဲတယ်၊ တကယ်တော့ တိုးတက်မှုဆိုတာလည်း သိပ်နည်းတယ်၊ သူတို့ပြောနေတာက ပြုပြင်ပြောင်းလဲရေး ပြုပြင်ပြောင်းလဲရေးဆိုပေမယ့် တကယ်တော့ အောက်ခြေပြည်သူတွေရဲ့ ဘဝတွေက သိပ်ပြောင်းလဲတာမရှိဘူး၊ ဒါက အားလုံးဝိုင်းပြီးတော့ လုပ်ရလိမ့်မယ်၊ အမေတို့ ကိုယ်စားလှယ်တွေဆိုတာ အစိုးရမဟုတ်ဘူး၊ အစိုးရမဟုတ်တဲ့ အခါကျတော့ အစိုးရတစ်ခုလို လုပ်ပိုင်ခွင့်မရှိဘူး၊ ပြည်သူတွေနဲ့ လက်တွဲပြီးလုပ်မှပဲ ဒီဟာက တိုးတက်မှုရှိနိုင်မယ်၊ အဲ့တော့ အားလုံး တက်နိုင်သမျှ လက်တွဲပြီးလုပ်ကြပါ"
ဒီကနေ့ လွှတ်တော်ကို လေ့လာရေးခရီးလာရောက်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအပြင်၊ ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းသူတွေကိုလည်း ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအားပေးစကား ပြောခဲ့ပါတယ်။