ပညာရေးနဲ့ ကျန်းမာရေး အဆိုနှစ်ရပ် လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်း

ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုဝင်ဘာလ ၉ရက်နေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဆိုနှစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ပညာရေးမြှင့်တင်ဖို့နဲ့ အဲဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီ ရယူသင့်တဲ့အပြင် ၊ ပြည်ထောင်စုအစိုးရရဲ့ ကြီးကြပ်မှုအောက်က လုပ်ဆောင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့စည်းဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ အဆိုကို လွှတ်တော်အမတ် ဦးခိုင်မောင်ရီ၊ ဒေါ်ဒွဲဘူနဲ့ ဦးအုန်းကြိုင်တို့က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အစိုးရအနေနဲ့ မြန်မာနိုင်ငံအရပ်ရပ်က တက္ကသိုလ်တွေကို အဆင့်မြှင့်တင်နေတာရှိတဲ့အပြင် ရန်ကုန်မြို့မှာလည်း ဒဂုံတက္ကသိုလ်ရှိနေတဲ့အတွက် ရန်ကုန်ပင်မတက္ကသိုလ်ကို အဆင့်မြှင့်တင်ဖို့ မလိုအပ်သေးကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၄၈ကျော်က ထောက်ခံတဲ့အတွက် နောင်လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့ကိစ္စရပ်နဲ့ ပတ်သက်တဲ့ အဆိုတစ်ရပ်ကို တင်သွင်းရာမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ထောက်ခံလိုက်တဲ့အတွက် နောင်လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ ဆက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က အခုလို တင်ပြထားပါတယ်။

0:00 / 0:00

RFA ဝိုင်းတော်သူ မသင်းသီရိကလည်း ကျားဖြူပါတီက လွှတ်တော်အမတ် ဦးရဲထွန်းကို မေးမြန်း တင်ပြထားပါတယ်။

0:00 / 0:00