ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်းNLD အဖွဲ့ဝင်တွေ ကြိုဆို

ပုဂံမြို့ကို ဘုရားဖူး ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေက ပုဂံ ညောင်ဦးလေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ကြိုဆိုခဲ့ကြပါတယ်။

0:00 / 0:00

ဒေါ်အောင်ဆန်းစုကြည် ပုဂံကို လာရောက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည်တာက လွဲပြီး ဟန့်တားမှုတွေ မလုပ်ဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

"မနက်က ပုဂံကို ၈ နာရီ ၁၂ မိနစ်မှာ ရောက်သွားပါတယ်။ သူနဲ့အတူ ဗိသုကာ ဦးခွန်သာမြင့်နဲ့ ရုံးအဖွဲ့ဝင် ဓာတ်ပုံဆရာ ၃ ယောက် အတူတူ ပါသွားပါတယ်။ သားငယ်ဖြစ်တဲ့ Kim က ကားနဲ့ ပုဂံကို ချောချောမောမော ရောက်ပါတယ်။ ဒီနေ့မနက်ကျမှ ဒေါ်အောင်ဆန်းစုကြည်က လေကြောင်းနဲ့ လိုက်သွားတာပါ။ အစီအစဉ်အတိုင်း ဘုရားဖူးဖို့ နားဖို့ပါပဲ"

ဒီခရီးစဉ်ဟာ ဘုရားဖူးဖို့ သက်သက်သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာ ပြည်တွင်းထုတ် The Voice ဂျာနယ်မှာ ပုဂံ ညောင်ဦး အုပ်ချုပ်ရေးမှူးက နယ်မြေအတွင်းရှိ ဘုရားဂေါပက အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခြင်းနဲ့ အလှူငွေ လက်ခံခြင်းတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ခရီးစဉ်မှာ ပါဝင်တဲ့ ဗိသုကာ ဦးခွန်သာမြင့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်။