U 23 မြန်မာအသင်း ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

အရှေ့တောင်အာရှ ၂၈ ကြိမ်မြောက် SEA Games ဘောလုံး ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ယှဉ်ပြိုင်ကစား ခဲ့တဲ့ မြန်မာ ယူ ၂၃ အသင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။

နေပြည်တော်လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်မှာ မနေ့ညက ရွှေတံဆိပ်ဆု ဆွတ်ခူးဖို့ မြန်မာနဲ့ ထိုင်းအသင်း ဗိုလ်လုပွဲကို အစအဆုံး ကြည့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဘယ်တုန်းကမှ ဘောလုံးပွဲကို တယ်လီဗေးရှင်းကနေ အစကနေအဆုံး မကြည့်ဖူးဘူး။ မနေ့ကဘဲ အစကနေအဆုံးကြည့်တယ်။ ကျေနပ်ပါတယ်၊ ဒီလောက်တက် လာတာလေ။ တော်တော်ကို တော်တယ်လို့ ဒီလိုဘဲပြောရမှာဘဲ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ နိုင်ငံက ဒီလို စကစားတာ သိပ်မှမကြာသေးဘဲ..."

မနေ့ညက ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ၃ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး မြန်မာအသင်းက ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ မြန်မာနဲ့ ထိုင်းအသင်းကို ဒေသခံပရိတ်သတ်တွေက LED Screen တွေကနေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။