ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်ရေးအတွက် အာမခံချက်ပေးဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ပါတီတချို့နဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ ရွေးကောက်ပွဲ စည်းကမ်းချိုးဖောက်မှုတွေကို မိမိတို့ပါတီက ထပ်တလဲလဲ တင်ပြတိုင်ကြားခဲ့ပေမယ့် မပြောပလောက်တဲ့ အရေးယူမှုပဲရှိကြောင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
NLD မှာ သမ္မတ တာဝန်ထမ်းဆောင်မယ့်သူရှိပြီလားလို့ သတင်းထောက်တစ်ဦးက မေးခဲ့ရာမှာ
"NLD ကိုယ်စားပြုပြီး သမ္မတအဖြစ်ဆောင်ရွက်မယ့် ပုဂ္ဂိုလ်အဆင်သင့်ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်အားလုံးကို ကျမက ဆုံးဖြတ်လုပ်ကိုင်မှာဖြစ်ပါတယ်။ အစိုးရကိုကျမက ဦးဆောင်မှာဖြစ်ပြီး NLD ရဲ့မူဝါဒတွေကို ကျမတို့ရွေးချယ်တဲ့ သမ္မတက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
ဒါ့ပြင် သတင်းထောက်တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတာကို ပြစ်တင်ရှုံ့ချမှာလားလို့မေးခဲ့ရာမှာတော့
"ဒီတိုင်းပြည်ရဲ့အကျိုးစီးပွားကို လိုလားသူတွေအနေနဲ့ ပြဿနာတွေကို ပုံကြီးမချဲ့ဖို့ အင်မတန် အရေးကြီးတယ်လို့ ကျမယူဆပါတယ်။ ကြီးတဲ့ပြဿနာတွေကို သေးငယ်သွားအောင်၊ သေးငယ်တဲ့ပြသနာကို ပပျောက်သွားအောင် ပြု လုပ်ရမယ်ဆိုတဲ့ မြန်မာစကားရှိပါတယ်။ ဒီလိုပြောတဲ့အတွက် အဲဒီ ရခိုင်ပြည်နယ်က ပြဿနာဟာ ပြဿနာငယ်လေး တစ်ခုလို့ ကျမပြောတာမဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာ နေထိုင်သူမှန်သမျှ လူ့အခွင့်အရေးတွေ၊ တရားဥပဒေတွေ နဲ့အညီ သင့်တော်တဲ့ အကာအကွယ်ပေးမှုကို အညီအမျှရစေရမယ်လို့ ကျမကတိပြုပါတယ်" လို့ပြောကြားပါတယ်။
ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကမ္ဘာကျော်သတင်းဌာနတွေ အပါအဝင် ပြည်တွင်းပြည်ပ သတင်းထောက် ၂ဝဝ ခန့်တက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ရွေးကောက်ပွဲအပြီး NLD ပါတီ အစိုးရဖွဲ့နိုင်ရေး အလားအလာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။