လူမှုရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ ပူုးတွဲဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂရဲ့ ပန်ကြားချက်အပေါ် ထောက်ခံဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားလိုက်တယ်။
မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ သုံးဦးပေါင်းပြီး ပူတွဲကြေညာချက် ထုတ် မေတ္တာရပ်ခံပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စာရေးပန်ကြားခဲ့တဲ့အပေါ် မနေ့က သတင်းထောက်တွေနဲ့ တွေ့ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ထုတ်ဖော်ပြောကြားလိုက် တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံ စာပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ဘန်ကီမွန်းကို စာပြန်လိုက်ပါတယ်၊ အန်တီအနေနဲ့ကတော့ အစကတည်းက ပြောထားပြီးပြီ၊ တတ်နိုင်သမျှ ငြိမ်းချမ်းရေးဖြစ်ပေါ်စေမယ်၊ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပြဿနာတွေ ဖယ်ရှားပေးနိုင်မယ့် မူဝါဒတွေ ၊ လုပ်ငန်းစဉ်တွေကို အန်တီအနေနဲ့ ထောက်ခံဖို့ အဆင်သင့်ပဲလို့"
ဇူလိုင် ၁ဝ ရက်နေ့က ကုလသမဂ္ဂ ရုံးချုပ်မှာကျင်းပတဲ့ မြန်မာနိုင်ငံအရေး နိုင်ငံတကာ အလှူရှင် အစည်းအဝေးမှာ လူမျိုးရေး၊ ဘာသာရေးပဋိက္ခတွေ ချုပ်ငြိမ်းရေး ပုူးတွဲ ကြေညာချက် ထုတ်ပြန်တောင်းဆိုဖို့ မြန်မာနိုင်ငံက အဓိက ထိပ်တန်းခေါင်းဆောင် ၃ ဦးကို စာရေးသား ပန်ကြားမယ့်အကြောင်း မစ္စတာ ဘန်ကီးမွန်း က ပြောကြားခဲ့ပါတယ်။
ဘာသာရေး လူမှုရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး အန္တရာယ်ကြီးတဲ့ အစွန်းရောက်သဘောထားတွေ ဖြစ်ပေါ်နေတဲ့ အကြောင်း၊ ဒီအခြေအနေကို အချိန်မီပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုမရှိရင် နောက်ထပ်အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာဖို့နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်လာစရာရှိတယ်လို့လည်း မစ္စတာဘန်ကီးမွန်းက သတိပေးပြောကြားခဲ့ပါတယ်။
