ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ သြင်္ကန် ၄ နှစ်မြောက် စတုဒီသာကျွေး


2014.04.15
eating-305.jpg ဧပြီလ ၁၅ ရက်နေ့ သြင်္ကန်အကြတ်နေ့က ဒေါ်အောင်ဆန်း စုကြည် နေအိမ်ရှေ့မှာ စတုဒီသာ စားနေကြသောသူများ ကို တွေ့ရစဉ်
photo: Win Naing/RFA

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ဒီနေ့ မနက်က စတုဒီသာအလှူ ဒုတိယနေ့အဖြစ် နို့စိမ်းခေါက် ဆွဲ ကျွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွှတ်မြောက်လာကတည်းက နှစ်စဉ်သြင်္ကန်အခါတိုင်း စတုဒီသာကျွေးခဲ့တာ အခုဆို ၄ နှစ်မြောက်ရှိသွားပြီလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်စိုးနိုင် က ပြောပါတယ်။

"ကျနော်တို့ အမေစု အကျယ်ချုပ် စလွှတ်ပြီးကတည်းက သြင်္ကန်တိုင်းကို စတုဒီသာကျွေးတယ်၊ ဒီနှစ်နဲ့ဆိုရင် ၄ နှစ်ရှိပါပြီ၊ ဒီနှစ်သြင်္ကန်မှာ ပထမနေ့ကတော့ မုန့်ဟင်းခါး အချိန် ၁၅ဝ ပေါ့နော်၊ ညနေပိုင်းကျတော့ အအေးတိုက်ပါတယ်၊ အခုဒုတိယနေ့မှာတော့ နို့စိမ်းခေါက်ဆွဲ အချိန် ၂ဝဝ ကျွေးမယ်၊ ညနေကျရင် မုန့်လက်ဆောင်းတိုက်ပါမယ်၊ နောက်ဆုံးရက်မှာ ကြာဇံကျော်၊ ခေါက်ဆွဲကျော်နဲ့ ရွှေရင်အေးပေါ့ ကျနော်တို့ စီစဉ်ထားပါတယ်"

ဒေါ်အောင်ဆန်းစုကြည်အိမ်က စတုဒီသာပွဲကို သြင်္ကန်အကျနေ့ကတည်းက ကျွေးခဲ့တာဖြစ်ပြီး သြင်္ကန်အတက်နေ့အထိ ကျွေးသွားမှာဖြစ်ကြောင်းနဲ့  အဲဒီ စတုဒီသာပွဲကို သြင်္ကန်ရေကစားထွက်ရင်း ဝင်ရောက်စားသောက်သူဦးရေ ၆၀၀ နီးပါးလောက်ရှိကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ မှာ ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်နဲ့ လှိုင်မြို့နယ်က စတုဒီသာမဏ္ဍပ်တွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။