လေးပွင့်ဆိုင်တွေ့ဆုံဖို့ အစိုးရဆန္ဒမရှိဟု ဒေါ်အောင်ဆန်း စုကြည် ထပ်မံပြောကြား

ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုခဲ့တာ ကို နိုင်ငံတော် သမ္မတကြီးဘက်က အချိန်အခါ မသင့်သေးဖူးလို့ ပြောဆိုနေတာဟာ အဲဒီလိုတွေ့ဆုံလိုတဲ့ ဆန္ဒမရှိလို့သာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါတယ်။

"တွေ့ရမယ့်အချိန်က ဒီအချိန်လေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်အတွင်း က ကော်မတီကနေပြီးတော့ လုပ်နေတဲ့အချိန်မှာ တပြိုင်နက်ပေ့ါနော်၊ ဆွေးနွေး သင့်တာတွေကို ဆွေးနွေး သွားလို့ရှိရင် ပိုပြီးတော့ အဆင်ပြေမှာပေ့ါ၊ အဲဒီလို အဆင်ပြေချင်လို့ကို ဒီအချိန်မှာ ဆွေးနွေးဖို့ကို တောင်းဆိုတာပဲ ၊ တွေ့ချင်ရင် အလွယ်လေးပါ၊ မတွေ့ချင်ရင်တော့ အကြောင်းပြချက်တွေ ကတော့ ပြနိုင်တာပေါ့"

RFA က တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့အဖွဲ့တချို့က ကားတင်သွင်းခွင့် ပါမစ်တွေ လက်ခံရယူနေကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အဲဒီ ကားပါမစ်ယဉ်ကျေးမှုကို သူလက်မခံဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျမကတော့ မကြိုက်ဘူး၊ ဒါက ဘယ်လိုအဓိပ္ပာယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာဆိုတာလည်း ကျမနားမလည်ဘူး၊ ကားပါမစ်က ကားပါမစ်သတ်သတ်ကိစ္စပေါ့နော်၊ သူ့ဘာသာသူ သူ့လမ်းနဲ့သူသွားရမှာ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကနေတဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ရတာပဲ"

တဆက်တည်းမှာပဲ အမျိုးသမီးဗိုလ်လောင်းတွေ ပထမဆုံးအကြိမ်ခေါ်ယူနေတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ အခုလို အမျိုးသမီးတွေ တပ်မတော်ထဲပါဝင်လာမယ့် ကိစ္စဟာကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။