တပ်မတော်ကို ခါးပိုက်ဆောင် တပ်အဖြစ် သဘောမထား ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား

0:00 / 0:00

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာမယ့်ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းလောက်သာ နိုင်ရင်လည်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရဖွဲ့နိုင်တယ်လို့ ပြောတာ ဟာ ဘယ်ပါတီကပဲပြောပြော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြောလိုက်တာဖြစ်တဲ့အတွက် စော်ကား ရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့ ကျိုက်ဒေးယုံဘုရားကွင်းမှာ ဒီနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ တက်ရောက်လာသူတစ်ဦးက ပြည်ခိုင်ဖြိုးပါတီက အဲ့ဒီလိုနိုင်ရင် အစိုးရဖွဲ့နိုင်သလား လို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူတို့ ၂၆ ရာခိုင်နှုန်းနိုင်လို့ရှိရင် ၂၆ နဲ့ ၂၅ နဲ့ပေါင်းလိုက်တော့ ၅၁ ဆိုတော့ လွှတ်တော်ထဲမှာ အများစုရသွားမယ်၊ အဲ့ဒါကြောင့်မို့လို့ သူတို့အစိုးရ ဖွဲ့နိုင်မယ်လို့ပြောတာဟာ ကျမကတော့ ပထမဆုံးအားဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေက ဘယ်ပါတီကပဲဖြစ်ဖြစ်နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးတင် မဟုတ်ပါဘူး၊ ကျမတို့ အဖွဲ့ချုပ်ကပြောသည်ဖြစ်စေ၊ တခြားပါတီကဖြစ်စေ ပြောတဲ့ပါတီဟာ တနည်းအားဖြင့် ကျမတို့ရဲ့ တပ်မတော်ကို စော်ကားရာရောက်တယ်လို့ ကျမပြောပါရစေ၊ အဲ့လိုပြောတဲ့အဓိပ္ပါယ်ဟာ ဘယ်လိုအဓိပ္ပါယ် ရောက်သွားလဲဆိုတာ တပ်မတော်ဟာ ပါတီတစ်ခုရဲ့ ခါးပိုက်ဆောင်တပ်မတော် လို့ ပြောတဲ့အဓိပ္ပါယ်ရောက်လို့ စော်ကားရာရောက်တယ်လို့ ကျမပြောချင်ပါတယ်"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေအလိုမရှိရင် တွယ်ကပ်မနေပဲ ထွက်သွားသွားဖို့ ကတိပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံရေးအတွေအကြုံ ရှိတဲ့သူတွေသာမကပဲ တတ်သိပညာရှင်တွေပါ ပြည်သူတွေအတွက် လိုအပ်တာကြောင့် ပြင်ပလူတွေကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် စိစစ်ခံခဲ့သလို ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေဆုံခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။