နိုင်ငံရေးကိုပါ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် အီးယူကို တိုက်တွန်း

0:00 / 0:00

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်ကျင်းပတဲ့ EU-Myanmar Task Force အီးယူ-မြန်မာ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေမှာ အီးယူအဖွဲ့အနေနဲ့ အကူအညီပေးနိုင်ဖို့နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နံှနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ အီးယူ- မြန်မာဆွေးနွေးပွဲ ဒီနေ့မနက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်မှာ စတင်ကျင်းပခဲ့တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု ဆက်စပ်တဲ့အခြေအနေကို အခုလို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

"နိုင်ငံတကာ ရင်းနှီးမြုှပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်ဖို့ ဖိတ်ခေါ်သူတွေဟာ အဲဒီလို ဖိတ်ခေါ်နေတဲ့ တစ်ချိန်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျှူမရှုသင့်ဘူး"

ဒီနေ့စတင်ကျင်းပတဲ့ အီးယူ-မြန်မာ စီးပွားရေးညီလာခံမှာ အီးယူ ဥရောပကော်မရှင် ဒုတိယဥက္ကဌ Mrs. Catherine Ashton နဲ့ အီးယူအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အီးယူအဖွဲ့ဝင် နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက မြန်မာနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့ ဖိတ်ခေါ်လိုက်သလို လက်ရှိအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူ ၄ ချက်ချမှတ်ပြီး ဆောင်ရွက်နေကြောင်း အဖွင့်မိန့်ခွန်းမှာ ရှင်းပြခဲ့ပါတယ်။

မနက်ဖြန် နေပြည်တော်မှာကျင်းပမယ့် EU-Myanmar Task Force ဒုတိယနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အီးယူအဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ အီးယူ- မြန်မာ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။