၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့မဟုတ် ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့
ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစား ချစ်ခင်တဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်ကြေင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာ မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေး ဟောပြောပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆိုလိုက်တာပါ။
ဒါ့အပြင် တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့အခြေခံ ဖြစ်ရမယ်၊ တိုင်းပြည်ဟာ တပ်မတော်ရဲ့အစေခံ မဖြစ်ဖို့လိုသလို တပ်မတော်ဟာ ပြည်သူတွေကို အခြေခံတဲ့ တပ်မတော် ဖြစ်ဖို့လိုတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တဲ့စကားကို ကိုးကားပြီး ပြောခဲ့ပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒဘဘေားထားရယူရေး လူထုဟောပြောပွဲ အခမ်းအနားကို နေပြည်တော် ၊ မန္တလေး ၊မကွေး ၊ စစ်ကိုင်းစတဲ့ တိုင်းဒေသကြီးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ပြည်သူတွေ ၂၀၀၀၀ နီးပါးတက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တက်ရောက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်က ထောက်ခံခဲ့ကြပါတယ်။