အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေးနဲ့ တောင်ကြီးမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လာမယ့် ဇန်နဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဟောပြောမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။
“၂၅ ရက်ကတော့ ၂ နာရီမှာ နေ့လယ်စာ စားပြီးတော့ မိုးနဲဟောပြောပွဲ ပြီးတော့ ညနေမှာ ၄ နာရီ လင်းခေးဟောပြောပွဲပေါ့၊ အခြေခံဥပဒေ ရှင်းလင်းပွဲ၊ လင်းခေးမှာ ညအိပ်ပြီးတော့ မနက်ဘုန်းကြီးကျောင်း တက်မယ်၊ မိုးနဲမှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ဝင်တက်မယ်၊ ပြီးတော့ နမ့်စန်၊ ၃ နာရီလောက်မှ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းပေါ့၊ အဲဒီမှာရှင်းလင်းပွဲ”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ နေပြည်တော်ကနေ လေယာဉ်နဲ့ ဟဲဟိုးလေဆိပ်မှာ ဆင်းသက်မှာဖြစ်ပြီး တောင်ကြီးမြို့ကနေတဆင့် နမ့်စန်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ နမ့်စန်၊ မိုးနဲနဲ့ လင်းခေးမြို့ ဟောပြောပွဲတွေပြီးရင် ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ဟောပြောမှာ ဖြစ်ပါတယ်။