စင်္ကာပူနိုင်ငံရောက် မြန်မာများ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ



မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ပြောင်းလဲရမှာဖြစ်ပြီး၊ ဒီမိုကရေစီနိုင်ငံဖြစ်လာမှသာ နိုင်ငံသူနိုင်ငံသားတွေကို အကာအကွယ် အပြည့်အဝ ပေးနိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ မြန်မာအိမ်ဖော် အမျိုးသမီးတွေအရေးနဲ့ ပတ်သက်ပြီး မေးမြန်းစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ မူတည်နေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲမှသာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ရှိနိုင်မှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ပေါ်ထွက်လာမှာဖြစ်တယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စရပ်တွေ အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာရေး စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။