၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ တိုင်းပြည် ရှေ့ဆက်တိုးတက်ဖို့အတွက် သင်ခန်းစာယူနိုင်တဲ့ အရေးတော်ပုံသာဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။
နေပြည်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးမှာ သတင်းထောက်တွေနဲ့ မနေ့က တွေ့ဆုံစဉ် ၈၈ အရေးတော်ပုံ ၂၅နှစ်မြောက် အချိန်အခါနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပြောဆို ခဲ့တာပါ။
"၈၈ က အင်မတန် အရေးပါတယ်၊ ၈၈ က နောင်အရှေ့ကိုတိုးတက်ဖို့အတွက် သင်ခန်းစာယူနိုင်တဲ့ အရေးတော်ပုံဖြစ် ရမယ်၊ နောင်အရှေ့ကို တိုးတက်ဖို့အတွက် ပိတ်ဆို့တဲ့အရေးတော်ပုံ မဖြစ်စေရဘူး"
အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ တိုင်းရင်းသားတွေအပါအဝင် တပ်မတော်နဲ့ပါ အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်ရမယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။
လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ၈၈ အရေးတော်ပုံ ငွေရတု အခမ်းအနား တက်ရောက်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကိုလည်း အခမ်းအနား ကျင်းပရေး ကော်မတီက ဖိတ်ကြားထားတယ်လို့သိရပါတယ်။