တပ်မတော်သားတွေ ထိုက်တန်တဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ရှိဖို့လို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံတော်လုံခြုံရေးအတွက် အသက်ပေးထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ထိုက်တန်စွာ ဂုဏ်ပြုတဲ့အနေနဲ့ ပညာသင်ကြားခွင့်၊ အလုပ်အကိုင် ဦးစားပေးမှု စသဖြင့် ရပိုင်ခွင့် အများအပြား ပေးထားတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပံ့ပိုးမယ့်ကိစ္စမှာ တကယ်ထိရောက်တဲ့ အကူအညီတွေရရှိအောင် မိမိတို့ဖက်ကလည်း စံနစ်တကျ တင်ပြနိုင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မိမိတို့နိုင်ငံရဲ့ လက်ရှိအရေးကြီးဆုံး လိုအပ်ချက်ကတော့ ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။