မကွေးတိုင်း ရေနံချောင်းမြို့ အထက ၁ ကျောင်းမှာထားရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို နိုင်ငံတော်ပိုင်အဖြစ်သာ ထားရှိရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။
အဲဒီ ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကို အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်း ခရီးစဉ်အတွင်း ယူဆောင် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ဗိုလ်ချုပ်ရဲ့ လက်ရေးမူ စာအုပ်ကို တန်ဖိုးထားကြောင်း စာအုပ်ကိုတော့ နိုင်ငံပိုင်အဖြစ် သင့်တော်တဲ့နေရာမှာ သာထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။
"ဒီဟာကို ဦးခင်အောင်မြင့်ကလည်း တန်ဖိုးထားပါတယ်၊ ဒ ီအသံကြားရတော့ အားလုံးတန်ဖိုးထားတယ်ဆိုတာလည်း အန်တီလက်ခံတယ်၊ ဟိုဘက်ဒီဘက်နားလည်မှုမလွဲဖို့ပဲ၊ သူတို့ကဒါကိုတန်ဖိုးထားပြီး အကောင်းဆုံးလုပ်ချင်တာပဲ"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နေ့ကကျင်းပတဲ့ အမျိုးသား လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့ပြီး ၊ လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ေရနံချောင်းမြို့ အ.ထ.က ( ၁ ) က ကျောင်းသား ၄ ဦးကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ် ပြန်လည် ရရှိဖို့အတွက် စာရွက်တွေဖြန့်ဝေတယ်ဆိုပြီး ကျောင်းတက်ခွင့် ယာယီ ရပ်နားခဲ့တယ်လို့ ကြားသိရတဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမဖြစ်သင့်ကြောင်း မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။