လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာဟာ သမ္မတဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်စေချင်တာကြောင့်ဖြစ်တယ် လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့ ဘီဘီစီ Radio 4 အစီအစဉ်က ဒီကနေ့ထုတ်လွှင့် တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး အလွယ်တကူ ပြောဆိုနေကြတာဟာ မမှန်ကန်တဲ့အကြောင်းနဲ့၊ လက်ရှိ အခြေခံဥပဒေ ဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ အာမခံချက်ရှိအောင် ရေးဆွဲခဲ့တာပဲဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ‘ဒီအကြမ်းဖက်ပဋိပက္ခတွေဟာ နှစ်ဖက်စလုံးမှာရှိနေတဲ့ အကြောက်တရားတွေကြောင့် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မွတ်ဆလင်တွေသာ အကြမ်းဖက်ခံရတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်ခံရတာတွေလည်း ရှိနေကြောင်း’ ဖြေကြားခဲ့ပါတယ်။ ကမ္ဘာမှာ မွတ်ဆလင်အင်အား ဘယ်လောက်ကြီးမားတယ်ဆိုတာဟာ အားလုံးကသိထားတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မိမိတို့ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကိုပဲ မေးမယ့်အစား လက်ရှိအစိုးရရဲ့မူဝါဒကို တိုက်ရိုက်မေးမြန်းသင့်တဲ့အကြောင်းလည်း ဘီဘီစီက တွေ့ဆုံမေးမြန်းသူ ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလဲ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ဂျက်စတင် ဂရင်းနင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံချိန်အတွင်း ရန်ကုန်မြို့က ကုတင် ၁၅ဝဝ ဆန့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြင်ဆင်မွမ်းမံရေးအစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲ အပြီးမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဗြိတိန်စတာလင် ပေါင် သန်း ၅၀ ကူညီထောက်ပံ့ပေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။