ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်လား ဒါမှမဟုတ် အသစ်ရေးဆွဲသင့်သလား ဆိုတာ ပြည်သူလူထုကို ရှင်းလင်းပြောဆိုဖို့ နဲ့ ပြည်သူ့အသံကိုနားထောင်ပြီး လွှတ်တော်ကို တင်ပြဖို့ မိမိတို့ပါတီမှာတာဝန် ရှိကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲသင့် တယ် ဆိုတာကတော့ အများကလက်ခံတဲ့ကိစ္စပါ၊ ဒါပေမယ့် တချို့ကတော့ ပြုပြင်ပြောင်းလဲရုံနဲ့ မရတော့ဘူး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက တစ်ခုလုံးကိုပြန်ပြီးတော့ ရေးဖို့လိုတဲ့ အခြေအနေ ရောက်နေပြီလို့ ပြောတဲ့လူလည်း ရှိပါတယ်၊ တချိန်တည်းမှာ ပြည်သူတွေအနေနဲ့ လည်း ဒီပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်အောင်လို့လည်း ရှင်းပြဖို့ရာ ကျမတို့မှာတာဝန်ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ကျမတို့ NLD က ပထမဦးဆုံးအနေနဲ့ ဒါတရားဝင် နိုင်ငံရေးပါတီတစ်ခုရဲ့မူအရ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာပါ၊ တခြားပါတီတွေက ဒီမူနဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာမဟုတ်ဘူး"
RFA လွတ်လပ်တဲ့အာရှအသံက နှစ်ပတ်တစ်ခါ တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီ အစဉ်အတွက် ဗုဒ္ဒဟူးနေ့ မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ကိုယ်ပိုင်အမြင်ကို မေးမြန်းရာမှာတော့ လက်ရှိဖြေဆိုဖို့ မဖြစ်နိုင်သေးကြောင်း NLD က ကော်မရှင် ကို တင်ပြတဲ့အခါအားလုံးကို အသိပေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ဒ့ါအပြင် လက်ရှိဆက်လက်ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးပြသနာတွေကို ဖြေရှင်းဖို့အတွက် ရှုထောင့်စုံ က စဉ်းစားဆင်ခြင်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
"ဒီလိုအစွန်းရောက်ရတယ်ဆိုတဲ့ အခြေအနေကိုက ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ မကျေနပ်တာတွေပါတယ်၊ ကိုယ့်ရဲ့ဘဝနဲ့ မကျေနပ်တာတွေပါတယ်၊ စိုးရိမ်မှုတွေကြောင့် ဖြစ်ရတာတွေပါတယ်၊ ကိစ္စတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာ အကြောင်းတွေက တခါတလေ အများကြီးရှိတတ်ပါတယ်၊ တစ်ခုနှစ်ခုတည်းကြည့်လို့မရပါဘူး"
တဆက်တည်းမှာပဲ အရင်လက သူ ခရီးထွက်ခဲ့တဲ့ ဥရောပ နိုင်ငံတွေဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အားတက် သရော ထောက်ခံကြသလို၊ လက်တွေ့ပကတိအားဖြင့် မြန်မာပြည်မှာ တိုးတက်မှုတွေ သိပ်ပြီးမရှိသေးတာကို လည်း ကောင်းစွာသိရှိ နားလည်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
