အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နှစ်ဘက် စလုံးမှာ ငြိမ်းချမ်းရေးလိုချင်တဲ့ဆန္ဒရှိရင် အချိန်ကြာပေ မယ့် အောင်မြင်မှုရနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။
“အပစ်အခတ်ရပ်စဲရေးဆိုတာ ပထမခြေလှမ်းပဲ ရှိသေးတယ်၊ ထာဝရငြိမ်းချမ်းရေးရဖို့ဆိုတာ အများကြီးဆက်ပြီးလုပ်ရဦးမယ်၊ အပစ်အခတ် ရပ်စဲရေးဆိုတာ အရင်တုန်းကလည်းရှိခဲ့ဘူးတယ်၊ ပျက်လည်းပျက်ခဲ့ဘူးတယ်၊ အဲဒါကိုလည်း မေ့လို့ မဖြစ်ဘူး၊ ဒီနိုင်ငံမှာဆိုလို့ရှိရင် တိုင်းရင်းသားတွေ ကလည်းများတယ်၊ အမြင်တွေကလည်းများတယ်၊ အားလုံးကိုညှိဖို့ဆိုတာ အချိန်ယူရမှာပဲ၊ ဒါတွေက နေ့ခြင်းညခြင်းဖြစ်လာတဲ့ကိစ္စတွေ မဟုတ်ဘူး၊ နံပါတ်တစ်ကတော့ နှစ်ဘက်စလုံးမှာ ဆန္ဒရှိရမယ်၊ ငြိမ်းချမ်းရေးရှိချင်တဲ့ဆန္ဒ နှစ်ဘက်စလုံးမှာရှိပြီဆိုရင်တော့ အချိန်ယူရင်တော့ယူရလိမ့်မယ်၊ ဒါပေမယ့် ဖြစ်လာမှာပါ”
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာသုံးသပ်ပြီး လာမယ့်ဒီဇင်ဘာလ နောက်ဆုံးထားပြီး လွှတ်တော်ကို အစီရင်ခံစာတင်သွင်းဖို့ သတ်မှတ်ထားတာရှိပါတယ်။
ဒါပေမဲ့ နောင်နှစ် ၂၀၁၄ ဇန်နဝါရီလမှ အစီရင်ခံစာတင်သွင်းမယ်လို့ ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး သဘောမကျကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၅နိုင်ငံခရီးစဉ်က ပြန်လာအပြီး ဒီနေ့ ပထမဆုံး လွှတ်တော်အစည်းအဝေးတွေ ပြန်လည်တက်ရောက်တာ ဖြစ်ပါတယ်။
ဒီအကြောင်း ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
