နိုင်ငံရေးလမ်းလွှဲမှု ဒေါ်အောင် ဆန်းစုကြည် ကန့်ကွက်


2014.12.13
dassk-speech-305.jpg ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား စဉ်။
Photo: Nay Myo Htun/ RFA

အကျိုးထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲတွေဖြစ်ပေါ်လာခြင်း မရှိအောင် အမျိုးမျိုးလမ်းလွှဲတဲ့ လုပ်ဆောင်ချက်တွေကို လုံးဝအားပေးထောက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပနေတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး မှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ တောင်းဆိုခဲ့တဲ့ ၄ပွင့်ဆိုင်နဲ့ ပြည်ထောင်စု လွှတ်တော်ကဆုံးဖြတ်ခဲ့တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွေဟာ အနှစ်သာရ တူကြောင်းပြော ဆိုရင်း အဲ့ဒီလို ဆွေးနွေး ပွဲတွေပေါ်ပေါက်လာခြင်း မရှိအောင် လမ်းလွှဲနေ တာတွေကို ကန့်ကွက်ကြောင်း အခုလိုပြောကြားခဲ့ ပါတယ်။

" လွှတ်တော်တွင်းကနေပြီးတော့ ၆ ပွင့်ဆိုင်ဆိုတဲ့ သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးကသဘောတူ တဲ့ကိစ္စကိုလဲ ကျမတို့ထောက်ခံပါမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သဘောထားအရမကွာပါဘူး၊ ကျမတို့ ၄ ပွင့်ဆိုင်တောင်းဆိုတဲ့ သဘောထားနဲ့ လွှတ်တော်အတွင်းမှာ ၆ ပွင့်ဆိုင်တောင်းဆိုတဲ့ သဘောထားများ ဟာ တူညီမှုရှိတယ်လို့ ယာယီမြင်ပါတယ်၊ ဒါကြောင့်မို့လို့ ဒါကိုလဲ ကျမတို့လက်ခံပေးနိုင်တယ်၊ ဒါပေမဲ့ ဒီလိုဖြစ်ရမယ့် ဆွေးနွေးပွဲတွေ မဖြစ်အောင်လို့ အမျိုးမျိုးလမ်းလွှဲဖို့ လုပ်နေ တဲ့ခြေလှမ်းတွေကိုတော့ ကျမတို့အနေနဲ့ ဒါကိုလုံးဝအားမပေးပါဘူး၊ မထောက်ခံပါဘူး၊ တစ်ကယ်အရေးကြီး တာက စစ်မှန် တဲ့ဆွေးနွေးပွဲကိုပါ၊ ကျမတို့က ဘန်းပြဆွေးနွေးပွဲများကို လိုချင်တာမဟုတ်ပါဘူး"

ဒါ့အပြင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာဟာ အများစုပါဝင်မှာကို မလိုလားတဲ့အတွက်ကြောင့် မဟုတ်ဘဲ လက်တွေ့ကျပြီး ထိရောက်စေချင်လို့ တောင်းဆိုရတာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် က အေးချမ်းသာယာ တိုးတက်တဲ့နိုင်ငံအဖြစ် ထူထောင်ချင်တယ် ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အခါ ကိုယ်ဘာရမလဲဆိုတာထက်၊ ဘယ်လိုလုပ်ပေးနိုင်သလဲ ဆိုတာကို ဗမာ တိုင်းရင်းသားတွေသာမက လူနည်းစုတိုင်းရင်းသား တွေကလည်း စဉ်းစားရမှာဖြစ်ကြောင်း၊ ကိုယ်က ဘာပေးနိုင်မလဲဆိုတာ စဉ်းစားခြင်းအားဖြင့် ရသင့်ရထိုက်တာတွေရဖို့ လမ်းပွင့်သွားမှာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗမာ တိုင်းရင်းသားတွေနဲ့သာ သက်ဆိုင်တဲ့ ပါတီမဟုတ်ပဲ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားပါတီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွေက ၁၂ ပွင့် ဆိုင်ဆွေးနွေးပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီကနေ့စတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးကို တိုင်းနဲ့ပြည်နယ်တွေက ကိုယ်စား လှယ် ၁ဝဝ ကျော်တက်ရောက်ခဲ့ပြီး ၂ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။